International News

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဆန်တင်ပို့မှုတွင် လှုပ်ခတ်မှုမရှိသေးကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့ ရောင်းချသူများအသင်းက မကြာသေးမီက ပြောကြားခဲ့သော်လည်း ရေနံဈေးနှုန်းများ မြင့်တက်မှု ကြောင့် ရေရှည်တွင် အကျိုးသက်ရောက်မှုရှိနိုင်

Last Updated:

ထိုင်းနိုင်ငံသည် ယမန်နှစ်က ရုရှားနိုင်ငံသို့ ဆန်တန်ချိန် ၆၀၀၀ ခန့်နှင့် ယူကရိန်းနိုင်ငံသို့ ဆန်တန်ချိန် ၂၀၀၀ ခန့်တင်ပို့ခဲ့ကြောင်း ထိုင်းနိုင်ငံ ဆန် တင်ပို့ရောင်းချသူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ Chookiat Ophaswongse က ပြောကြားခဲ့ပါသည်။

သို့သော် ရုရှားနိုင်ငံမှ ဂျုံတင်ပို့မှုကို ပိတ်ပင်ထားခြင်းကြောင့် အခြေအနေပြောင်းလဲသွားနိုင်ပြီး ဆန်နှင့် အခြားသောနှံစားသီးနှံများ ဈေးတက်နိုင် မည် ဖြစ်ကြောင်း ၎င်းကပြောကြားပါသည်။ အဆိုပါအခြေအနေသည် အလားအလာရှိသော ဝယ်သူများ၏ အော်ဒါမှာယူမှုများပေါ် သက်ရောက်မှုရှိ နိုင်မည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံမှ ဥရောပ၊ အထူးသဖြင့် ပြင်သစ်နှင့် အာဖရိကရှိ အဓိကဈေးကွက်များသို့ ပင်လယ်ရေကြောင်းဖြင့် ဆန်တင်ပို့မှုများ သည် ရုရှားနိုင်ငံနှင့် ယူကရိန်းကို ဖြတ်ကျော်မှုမရှိသောကြောင့် ထိခိုက်မှုမရှိကြောင်း Chookiat က ထပ်လောင်းပြောကြားခဲ့ပါသည်။

ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ အထက်တက်ပါက သယ်ယူ ပို့ဆောင်ခဈေးနှုန်း မြင့်တက်နိုင်မည်ဖြစ်ရာ နိုင်ငံများသည် ထိုင်းနိုင်ငံထက် ပို၍နီးပြီး စျေးသက်သာ သော နိုင်ငံများမှ ဆန်ကို ရွေးချယ်ဝယ်ယူမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံအနေဖြင့် အရှေ့အလယ် ပိုင်းရှိ နိုင်ငံတစ်နိုင်ငံချင်းစီသို့ နှစ်စဉ် ဆန်တန်ချိန် ၁ သန်းထက်မနည်း တင်ပို့နေ၍ ယခုနှစ်အတွက် ဆန်တန်ချိန် ၇ သန်း တင်ပို့မည့် လျာထားချက်ကို ပြည့်မီအောင် တင်ပို့နိုင်မည်ဖြစ်ကြောင်း Chookiat ကပြောကြားခဲ့ပါသည်။

အရှေ့အလယ်ပိုင်းဈေးကွက်သည် ဆန်တင်ပို့မှုကျဆင်းခဲ့သော်လည်း ၂၀၂၁ ခုနှစ် နှစ်ကုန် ပိုင်းမှစ၍ ပြန်လည်မြင့်တက်လာခဲ့ပါသည်။ ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန (DFT) သည် ဆန်စပါးကဏ္ဍအတွက် ရေးဆွဲထားပြီးဖြစ်သည့် မဟာဗျူဟာကို လက်ရှိအခြေအနေနှင့် ကိုက်ညီ အောင် ပြင်ဆင်ရေးဆွဲ၍ ထိုင်းဆန်အကြောင်း သိရှိမှုမြင့်တင်လာစေရန် အွန်လိုင်းလှုပ်ရှားမှုများပြုလုပ်ရန် စီစဉ်ထားရှိကြောင်း DFT ၏ ညွှန်ကြား ရေးမှူးချုပ်ဖြစ်သူ Pitak Udomwichaiwat က ပြောကြားခဲ့ပါသည်။

DFT သည် တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့နှင့် ကုန်သွယ်မှုခိုင်မာလာစေရန် အဓိကထား စီစဉ်ဆောင်ရွက် လျက်ရှိသည်။ အလားအလာရှိသော ဝယ်သူများနှင့် virtual အစည်းအဝေးများကျင်းပခြင်းအပြင် ဆန်တင်ပို့မှုတွင် ထိုင်းနိုင်ငံ၏ နံပါတ် ၁ ပြိုင်ဘက် ဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်သည်။ ကွန်တိန်နာပြတ်လပ်မှုပြဿနာ လျော့ပါးသွား ခြင်းကြောင့် ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ယခုနှစ်တွင် ကောင်းမွန်သင့်သော်လည်း သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များက မြင့်တက်နေသေး ကြောင်း Pitak ပြောကြားပါသည်။

ထိုင်းဆန်ဈေးနှုန်းသည် ငွေလဲလှယ်နှုန်းထားကြောင့် ယခုအချိန်အထိ သင့်တင်သောဈေးနှုန်းတွင်ရှိနေပြီး ငွေကြေးယခုထက်ပို၍ ခိုင်မာလာခြင်း မရှိပါက အဆိုပါအခြေအနေသည် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။ ထို့အပြင် DFT သည် ထိုင်းဆန်ကို နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင် ပြသရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ရန် လေ့လာလျက်ရှိသည်။ DFT က ဆော်ဒီအာရေဗျနိုင်ငံ၏ အဓိကဆန်တင်ပို့ရောင်းချသူများနှင့် ချိတ်ဆက်နိုင်ရန်နှင့် ဈေးကွက်လိုအပ်ချက်များကို သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံသံတမန်များကို လေ့လာမှု များပြုလုပ်နိုင်ရန် တောင်းဆိုထားကြောင်း ၎င်းကပြောကြားပါသည်။

ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုအခြေအနေလျော့ပါးလာပါက DFT သည် ဆန်ပို့ကုန်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး G to G သဘောတူညီမှုအနေဖြင့် အီရတ်နိုင်ငံနှင့် MoU ရေးထိုးရန် စောင့်ဆိုင်းလျက်ရှိကြောင်း၊ သို့ရာတွင် ပုဂ္ဂလိကကဏ္ဍမှ အီရတ်နိုင်ငံသို့ ဆန်များတင်ပို့ လျက်ရှိပြီဖြစ်ကြောင်းဖြင့် Pitak က ပြောကြားပါသည်။

 

(ခက်ခက်နွယ်ဖူး ၊ Myantrade)
Source: Rice News Today

 

Category: International News